31.3.09

မာယာ နှင့်.......

မျက်နှာကျက်ပေါ် အလွမ်းတွေတိမ်ဖွဲ့နေသလား
မနက်ဖြန်မှာ ငွေနဲ့ပဲ မျက်နှာသစ်ချင်တယ်တဲ့
အရှေ့တောင် အာရှ မှ အချစ်ကို ကစားတတ်တဲ့ ကလေးမရေ
မင်းလက်ဖျားလေးတွေက ငါ့ရင်ကို ကျားကွက်ထဲထည့်ရွှေ့နေ
တိုးတိုးလျှို့ဝှက် ၊ ရှိုက်သံကြား.....
ငါ့ မျက်ရည်စ အချို့ .......မင်းခြေဖျားအောက် စီးဝင်ပြီလား..။
အခုထိ..
ငါကတော့ တိမ်လိုလူပါပဲ...
နင့်နဲ့ ပတ်သက်ရင်ပေါ့..လေ..။#

19.1.09

ကဗျာမှော်ဝင်စားခြင်း သို့ မဟုတ် ညိမ်းညို နှင့် စကားပြောခြင်း

ညိမ်းညိုဆိုတဲ့ ကဗျာဆရာ ဘလောကာ တစ်ယောက်ရဲ့ ဘလော့ကို ၂၀၀၈
အစောပိုင်းကာလလောက်မှာ သူငယ်ချင်းတစ်ယောက်လင့်ပေးမှု ကနေ စတင်
ဖတ်ရှုခဲ့မိတယ်။ စဖတ်မိမိချင်း မှာပင် ညိမ်းညိုရဲ့ ကဗျာ မှော်တွေက
ကျွန်တော် နှလုံးသားထဲ
စတင်စီးဝင် သွားစေတာတွေရပါတယ်။ ဒီတော့ အခက်အခဲတွေအများကြီး ကြားမှ
ညိမ်းညို ကို အင်တာဗျူးဖြစ်အောင်ဗျူးလို့ အခုလိုတင်ဆက်ဖို့ကြိုးစား
ခဲ့ပါတယ်။ အခုတော့ ကျွန်တော့ဆန္ဒတွေပြည့်စုံသွားပြီလို့ဆိုရမလိုပါပဲ
ညိမ်းညိုနဲ့ အင်တာဗျူး ကို သူငယ်ချင်းများအတွက်တင်ဆက်နိုင်ခဲ့ပါပြီ။

အငွေ့:
ပထမဦးစွာ ညိမ်းညို ဘလော့စရေးဖြစ်သွားပုံလေးကိုပြောပြပေးပါဦးဗျာ
nyeinnyo:
၂၀၀၇ ဇွန်လောက်ကျမှ ဘလော့တွေ ရှိတယ်ဆိုတာ သိတာဗျ အရင်က လုံးဝမသိဘူး
အငွေ့:
ဟုတ်
nyeinnyo:
အန်တီကေသွယ် ဘလော့ကို ပထမဆုံး ဖတ်ဖူးပါတယ်
အငွေ့:
ဟုတ်ကဲ့
nyeinnyo:
အန်တီက မိုးကုတ်အကြောင်းတွေ ရေးလို့ လိုက်ဖတ်ရင်းနဲ့ ကိုယ်တိုင်လဲ
ဘလော့လေးလုပ်ရင်း စာရေးရရင် သိပ်ကောင်းမှာပဲဆိုပီး
:)
အဲလိုဗျ
ကျနော်ဘလော့လုပ်ဖြစ်ပုံက
အငွေ့:
အဲဒီကနေ့စပြီး ဘလော့လုပ်ဖို့စပြီးလေ့လာတော့တယ်ဆိုပါစို့
nyeinnyo:
အဟား ပြောရရင်တော့ စီနီယာအကိုကြီး၁ယောက်က အကုန်လုပ်ပေးတာဗျ
အစောပိုင်းကာလတွေမှာ ကျနော်က စာရေးရုံသက်သက်ပဲ
အငွေ့:
အော်
nyeinnyo:
အခုမှ နဲနဲပါးပါး တီးမိခေါက်မိရယ်
:)
အငွေ့:
ဒါဆိုရင် ပြည်ပ ရောက်မှ စပြီးရေးဖြစ်တာပေါ့ဟုတ်လား :)
nyeinnyo:
ဘလော့ဆိုရင်တော့ ဒီရောက်မှရေးဖြစ်တာပေါ့
ဒါမှန်ပါတယ်
ဒီမှာမှ နက်သုံးခွင့် စရတာကိုး
:)
စာရေးတာဆိုရင်တော့ ငယ်တုန်းကထဲကလို့ ဖြေရပါမယ်
အငွေ့:
ဘယ်အရွယ်လောက်တုန်းကလည်းဗျ..
:)
nyeinnyo:
မှတ်မှတ်ရရ ၇ တန်းတုန်းက ကဗျာစရေးဖြစ်တယ်ဗျ မြန်မာစာဖတ်စာအုပ်ထဲက
ကဗျာတွေကို အားကျပီး လိုက်တုရေးမိတာ ကလေးဆိုတော့ သိပ်လဲမစဉ်းစားမိပါဘူး
တော်၏ မတော်၏
ခုနေတော့ ရှက်စရာကြီးဗျ
အငွေ့:
ကဗျာရေးသူတိုင်းဒီအတိုင်းပါပဲ..ဗျာ..ကျွန်တော်ဆိုရင်လည်း ဒီလိုပါပဲ
အဲဒီတုန်းက ကဗျာတွေကို အခုပြန်ဖတ်ရင် စိတ်ထဲတစ်မျိုးပဲဗျ..။
nyeinnyo:
ပိုဆိုးတာက တကယ့်ကဗျာဆရာကြီးတွေပုံစံကို ကဗျာရေးထုံးကို
လုံးလုံးနားမလည်သေးတဲ့ ကလေးတစ်ယောက်က လိုက်တုပီး ရေးမိတာမျိုးမို့
:)
အငွေ့:
ဒါနဲ့ ကဗျာတွေကိုထဲထဲဝင်ဝင် သေချာရေးဖြစ်တာကရော ဘယ်တုန်းလောက်ကလည်းဗျ..
nyeinnyo:
၂၀၀၀ ပြည့်နှစ်ထဲမှာ တခါသွန်ပီးတော့ ရေးဖြစ်တယ်ဗျ ၁၀တန်းကျောင်းသားဘ၀ပေါ့
မဂ္ဂဇင်းတွေကို ကဗျာပုဒ်ရေ ၈၀ ကျော်ပို့နိုင်ခဲ့တယ် တပုဒ်မှတော့ အရွေးမခံခဲ့ရဘူး
အငွေ့:
ဟုတ်ကဲ့
nyeinnyo:
နောက်သင်တန်းသွားတက်တော့ ရေးပီးသားကော်ပီလက်ခံစာအုပ်လုံးဝပျောက်သွားပီး
တခြားအခက်အခဲတွေရှိတာမို့
သိပ်မရေးနိုင်ဘူးဗျ
၂၀၀၅ မြို့ပေါ်ပြန်ရောက်တော့
တခါပြန်ရေးဖြစ်တယ်
ခုထိဆိုပါတော့
အငွေ့:
မြို့ပေါ်ရောက်တယ်ဆိုတော့ အရင်က ဘယ်မှနေလို့လည်းမသိဘူး.
nyeinnyo:
တာဝန်ကျရာဆိုတော့ ဆက်သွယ်ရေးကအစ ခက်ခဲကြန့်ကြာတယ်ဗျ မြို့နဲ့ပေါ့လေ
ဒါက ထားပါစို့
အငွေ့:
ဟုတ်ကဲ့ရပါတယ်။
nyeinnyo:
ကျေးဇူးပါဗျာ
:)
အငွေ့:
အခုတစ်လောဖတ်ဖြစ်နေတဲ့ ဘလော့တွေကရော ဘယ်ဘလော့တွေဖြစ်မလဲ
nyeinnyo:
ကျနော် တော်တော်များများ ရောက်ဖြစ်ပါတယ်
အဲ ကဗျာဆရာရေ
ဘိုင်နိမ်းတွေနဲ့ပြောဖို့တော့
ကျနော်ချန်ခဲ့ပါရစေဗျာ
ခွင့်လွှတ်ပါနော်
အငွေ့:
ရပါတယ်။ ဗျ...
nyeinnyo:
အကြောင်းကြောင်းသော အကြောင်းကို အကြောင်းပြုပြီး သကာလပေါ့ဗျာ :P
အငွေ့:
ဒါနဲ့ ကဗျာတွေအရေးများသူဆိုတော့ ဘယ်သူကဗျာတွေကို
အများဆုံးဖတ်ဖြစ်သလဲဗျ..နောက်အကြိုက်ဆုံးကဗျာ ဆရာကရောဗျ..။
nyeinnyo:
ဆရာမောင်ချောနွယ်ကတော့ ကျနော့်ရဲ့ ဟီးရိုးပါ
ဆရာခရမ်းပြာထက်လူ၊ ဆရာမိုဃ်းဇော်၊ ဆရာမောင်ဖီလာ၊ ဆရာစိုင်းဝင်းမြင့်၊
ဆရာအောင်ဝေး ကြိုက်ပါတယ်
ဆရာကြီးဦးတင်မိုးတို့ ဆရာဇော်ဂျီတို့ ကဗျာတွေကျ ကြိုက်တဲ့အဆင့်မဟုတ်တော့
ပါဘူး ကြည်ညိုလွန်းလို့ ထပ်ခါထပ်ခါ ဖတ်ပါတယ်
အခု ဆရာဇေယျလင်းအကြိမ်များများဖတ်ဖြစ်ပါတယ်
အငွေ့:
ဟုတ်ကျွန်တော်လည်းတော်တော်ကြိုက်တဲ့လူတွေချည်းပါပဲ။
စိုင်းဝင်းမြင့်ရဲ့မိသားစုကဗျာ ဆိုရင် အခုထိမှတ်မိနေသေးတယ်။
nyeinnyo:
ဟုတ်ကဲ့ မိသားစုကဗျာတွေအများကြီးထဲက ဆရာစိုင်းဝင်းမြင့်ရဲ့
မိသားစုကဗျာနဲ့ ဆရာခရမ်းပြာထက်လူရဲ့ မိသားစုစီးရီးတွေ စိတ်ထဲစွဲနေပါတယ်
အငွေ့:
ဆရာဇေယျာလင်း ရဲ့ L.P တွေကိုလဲကြိုက်တယ်။
nyeinnyo:
ကျနော်က ရှေ့ကဆရာများလို ခံစားနိုင်တဲ့အဆင့်နဲ့ ဖတ်နေတာမျိုး
မရောက်သေးပါဘူး ဆရာ့ရဲ့ L.P ကဗျာတွေကို သင်ယူလေ့လာမှုတစ်ဝက်နဲ့ပဲ
ဖတ်နိုင်ပါသေးတယ်
ဆရာ့ကဗျာတွေက ခမ်းနားလှပါတယ်
အငွေ့:
ဒါနဲ့ ညိမ်းညိုရဲ့ အိမ်ကဗျာလေးကိုတော့ လူတော်တော်များများကြိုက်ကျတယ်နော်
အဲဒီကဗျာလေး ရေးဖြစ်သွားတဲ့ခံစားချက်ကလေးကရော
nyeinnyo:
အိမ် (သို့) ငါ့ရဲ့ အိမ်ကလေး ကိုမေးတာလားအကို
အိမ်

ညမှာ..
ဘာမှမရှိတဲ့ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။

အဲဒီလို ဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း..
အလွမ်းတွေ ထိန်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။

မိုးခင်ခင်(မဟာဝိဇ္ဇာ)
ဒါက ကျနော်ရေးတာမဟုတ်ပါဘူး။
အငွေ့:
ဆော်ရီးဗျာ..ခေါင် ကိုပြောတာ..ရောသွားလို့စိတ်မရှိပါနဲ့။
nyeinnyo:
ဘလော့ကကြိုက်သောကဗျာများကဏ္ဍမှာတင်ပါတယ်
စာရေးသူကိုလဲ credit ပေးထားပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အကို
ခေါင်ကို ကဗျာရေးသူတစ်ဦးအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့
ဖွင့်ဆိုမှုမျိုးပေးနိုင်ပါတယ် သို့ပေမဲ့ ကျနော် လှီးလွှဲပီးလဲ
မပေးချင်ပါဘူး
အငွေ့:
ဟုတ်ကဲ့ခင်ဗျ
nyeinnyo:
ကျနော့်ပတ်ဝန်းကျင်မှာ ခေါင်မလုံတာတွေနဲ့ပဲတော်တော်များများ
ကြုံတွေ့လာရပါတယ် ဘယ်လိုစေ့ဆော်မှုမျိုးနဲ့ ရေးဖြစ်သွားလဲဆိုတာတော့
အခုနေ ကျနော်မပြောတတ်တော့ဘူးဗျ
အငွေ့:
ညိမ်းညို ဘလော့ကို နှစ်သစ်မှာ ဘယ်လို ကဏ္ဍသစ်တွေနဲ့
ဆက်ပြီးအကောင်အထည်ဖော်မယ်လိုစိတ်ကူးထားပါသလဲ
nyeinnyo:
ကဗျာနဲ့သက်ဆိုင်သော အကြောင်းအရာများကိုပဲ ကြိုးစားပီးဆက်ရေးသွားမယ်ဗျ
အငွေ့:
ဟုတ်ကဲ့ခင်ဗျာ..ဘလော့ကာတစ်ယောက်အနေနဲ့ရော
ဒီမြန်မာဘလော့အသိုင်းအ၀ိုင်းအတွက် ဘာများအကြံပေးချင်ရှိလည်းဗျ..။
nyeinnyo:
ဒါတော့ မရှိပါဘူးဗျာ ကျနော်ကိုယ်၌လဲ ဘလော့ဂါရယ် ဘာရယ် ကိုယ့်ကိုယ်ကို
မခံယူထားလေတော့ ထိုက်တန်တဲ့ အကြံများလဲ ပေးနိုင်မယ်မထင်ပါဘူး
ဒီလိုဆိုတော့ အပြင်စောင်းကြလေမလား မပြောတတ်။
အားလုံးပေါ့ ဘယ်လိုအသိုင်းအ၀ိုင်းဖြစ်ဖြစ် နွေးနွေးထွေးထွေးးနဲ့
ဖေးမကူညီတာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်
အငွေ့:
ဟဲ.ဟဲ..အမြင်မစောင်းကြလောက်ပါဘူးလူဆိုတာ ကိုယ့်ခံယူချက်နဲ့ကိုယ်ဆိုတော့လေ
nyeinnyo:
ကျေးဇူးပါဗျာ
အငွေ့:
ဟုတ်ကဲ့ဒီလောက်ဆိုအဆင်ပြေလောက်ပါပြီ အခုလိုအချိန်ပေးပြီးဖြေဆိုပေးတဲ့
ကဗျာဆရာ ညိမ်းညိုကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ.။
သြော်ဒါနဲ့ ညိမ်းညိုဆိုတဲ့ ကလောင်နာမည်ပေးဖြစ်ပုံလေးကိုပြောပြပေးပါဦး ။
မေးဖို့ကျန်ခဲ့လို့..။
ဟီး
:)
nyeinnyo:
နက်ကျသွားလို့ အကိုရေ
း)
အငွေ့:
ဟုတ်ကဲ့
nyeinnyo:
၈တန်းတုန်းက ဆရာနဲ့တိုင်ပင်ပီးတော့ ယူဖြစ်တဲ့နာမည်ပါ
အငွေ့:
သြော်
nyeinnyo:
ညိမ်းညိုဆိုတာ ရိုးရိုးအေးအေး အဓိပ္ပါယ်ကို ဆောင်မယ်ထင်လို့ ပီးတော့ ည
၂လုံးပူးနေတာကို ကြိုက်လို့ဗျ
စကားမစပ်ဗျာ ဆာယာညိမ်းညိုဆိုတဲ့ ကလောင်နာမည်နဲ့ ၀တ္ထုတိုလေး ၂ ပုဒ်ပါဖူးတယ်ဗျ
န၀ဒေးထဲမှာ
အခုကဗျာရေးတော့ ရှေ့က ဆာယာကို ဖြုတ်လိုက်တာ
အငွေ့:
သြော်ဟုတ်ကဲ့ဗျာ..။ အဟီးတော်ပြီဆိုကာမှ မေးခွန်းတွေက ထွက်လာတယ်။ အခုရော
ဝတ္တုတွေဘာကြောင့်မရေးတော့တာလည်းဗျ..။
nyeinnyo:
ရေးတယ်ဗျ ကိုယ့်ကိုယ်ကို အားမရသေးလို့ ၀ှက်ထားတာ :)
အငွေ့:
နောက်ဆုံးမေးခွန်းအဖြစ် ကဗျာဆရာ တစ်ယောက်ဖြစ်တဲ့ညိမ်းညိုရဲ့ ကဗျာအပေါ်မှာ
ခံယူထားတဲ့ခံယူချက်ကရောဗျ
nyeinnyo:
ဒိမေးခါန်းကို ကျနော် နောက်ဆုံးတင်ထားတဲ့ ပို့စ်ထဲက စာပိုဒ်လေး
တစ်ပိုဒ်နဲ့ ဆရာတာရာမင်းဝေရဲ့ အလင်းစကား ဆောင်းပါထဲက စာတစ်ပိုဒ်နဲ့
ဖြေဆိုခွင့်ပြုပါခင်ဗျာ
အငွေ့:
ရပါတယ်ခင်ဗျ
nyeinnyo:
မေး။ ဘာဖြစ်လို့ ကဗျာရေးနေတာလဲ။
ဖြေ။ ဘာဖြစ်လို့မှ မဟုတ်ပါဘူး၊ ရေးချင်လို့ ရေးနေတာပါ။

မေး။ ကဗျာတွေကို ဘာအတွက်ရည်ရွယ်ပြီး ရေးပါသလဲ။
ဖြေ။ ဘာအတွက်တွေ၊ ညာအတွက်တွေက ကိုယ်ပြောရမဲ့အလုပ်မဟုတ်ဘူး၊
ကိုယ်ရေးလိုက်တဲ့ကဗျာတွေက သူ့အလိုလို ပြောသွားမဲ့အလုပ်လို့ ထင်ပါတယ်။
ကျနော်ဒီလိုဖြေပါမယ်
ဆရာတာရာမင်းဝေရဲ့ စာပိုဒ်လေးကတော့
အငွေ့:
အိုးခြမ်းပဲထဲကလားဗျ..။
ကျွန်တော်လည်းကြိုက်ပါတယ်။
nyeinnyo:
ဟုတ်ကဲ့ဗျ
ဆရာစာပိုဒ်လေး ကျနော့်ကိုထုတ်နုတ်ခွင့်ပြုပါ
အငွေ့:
ဟုတ်

nyeinnyo:
၁၂။"လေးသည်တော်ကောင်းတစ်ယောက် ကျော်ကြားခြင်းသည် သူ၏မြားကြောင့်မဟုတ်။
သူ၏ ချိန်သားကိုက်မှုကြောင့် ဖြစ်သည်" ဟူသောသိုးဆောင်း စကားပုံ တစ်ခု
ရှိပါသည်။ ကျနော်လဲ ထိုသဘောမျိုးသာ ဖြစ်ပါသည်။ သရုပ်မှန်လော၊ မော်ဒန်လော
ဟူသည့်"မြား" က ကျနော့်အတွက် အဓိက မကျပါ။ ကိုယ့်ဝတ္ထုတိုကို
အနုပညာမြောက်အောင် ချိန်သားကိုက်အောင် ပစ်လွှတ်နိုင်ဖို့သာ
ကျနော်ကြိုးစားပါမည်။ ထိုသို့ အနုပညာမြောက်ရန်၊ ချိန်သားကိုက်ရန်အတွက်
အထောက်အကူုဖြစ်စေမည့် သင့်တော်ရာ "မြား"ကို သင့်တော်သလို
ဆွဲယူတပ်ဆင်သွားမည် ဖြစ်ပါသည်။
သရဖူထဲမှာပါတယ် အလင်းစကားဆောင်းပါးကပါ။
စိတ်ရှညှ်ည်စောင့်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ
အငွေ့:
ပြိုင်မြင်းတို့ရဲ့ခွာသံထဲကထင်တယ်။ စုပြီးထုတ်ထားတယ်ဝတ္တုလေ
ဆောရီး ဆောင်းပါးစုကိုပြောတာပါ။
nyeinnyo:
ဟုတ်တယ်ဗျ ကျနော်ရှေ့ကျူးပြတာမဟုတ်ပါဘူး အကိုရေ တခါထဲ စာပိုးလေးပါ
ဖတ်လိုက်ရတော့ ပိုပီး အဆင်ပြေမယ်ထင်လို့ပါ
ဟုတ်ကဲ့ဗျ
အငွေ့:
ဟုတ်ကဲ့ဗျ..ကျွန်တော်လည်းကြိုက်တဲ့ဆောင်းပါးဖြစ်လို့ပါဗျ..ကဲ ဒီတစ်ခါတော့
ပြီးပါပြီးဗျာ..ကျေးဖူးလည်းတင်ပါတယ်။ခင်ဗျာ..။
nyeinnyo:
အကို့ကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ

ဘ၀ အကြောင်းရေးဖို့ မလွယ်ဘူး

"ဘ၀အကြောင်းရေးရတာနဲ့ စာရင်
ကဗျာအကြောင်းရေးရတာကလွယ်ပါတယ်"

ဘ၀ ကို
ထင်သလိုရေးလို့မရဘူး။
မြင်သလိုရေးလို့ မရဘူး။
ကြုံသလိုရေးလို့ မရဘူး။
ကြားသလိုရေးလို့ မရဘူး။

မော်ဒန်ကဗျာတစ်ပုဒ်လို
ဘ၀က စည်းလွတ် ၀ါးလွတ်
လွတ်လပ်ခြင်းနဲ့ ကခုန်လို့မရဘူး။

စည်းတွေ ဘောင်တွေနဲ့ ဖွဲ့တဲ့
ကာရံတစ်ပုဒ်လည်းမဟုတ်ဘူး။

ကဗျာဆရာတွေက ကဗျာရေးတယ်။
ဘ၀က ကဗျာဆရာတွေနဲ့ လူတွေကို
ကဗျာလုပ်ပြီပြန်ရေးနေတာ...
ခေတ်အဆက်ဆက်ပေါ့။

အတုများသာသုံးစွဲပါ။

ရှင်သန်နေရတာကို က
သေနေတာပဲ.....

လောက
အမှားတွေက မှန်နေတယ်။
အတုတွေက စစ်နေသရောင် နောက်ခံတေးဂီတနဲ့
ငါ့တို့
ဇာတ်လမ်းအမှားတွေ ရိုက်ခဲ့သူတွေပဲ..။

ခေတ်ရဲ့ခွဲစိတ်မှု စိတ်တွေထဲ
လက်တွေ့ဘ၀ ပန်းချီမှာ
အပြုံးတု
စေတနာတု
ဂရုဏာတု
အချစ်တု တွေနဲ့
ငါ့တို့ .........
ရေးဆွဲလို့ကောင်းနေကြဆဲ...။
၂၁ ရာစု....
ဘ၀....။




ကျွန်တော် အိမ်မပြန်ချင်ဘူး



အဖေ x
အမေ x
ကျွန်တော် x
ညီမလေး x
အစ်မ x
ကိုယ့်အတ္တနဲ့ ကိုယ် ကြက်ခြေခတ်
မိသားစု တေးသွားက အသံကြောင်တယ်
ဂီတာ တစ်လက်က မိသားစု ဆိုရင်
ဘယ်တော့မှ ကြိုးမညီတဲ့ အိမ်
တစ်ယောက်တစ်သံနဲ့
ဘ၀ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း
သံစဉ် တစ်ခု ဖြစ်မလာဘူး...။
ကျွန်တော်လိုချင်တာက
ဘယ်နှကြိုးတီးတီး သာယသံတစ်ခုပဲ ထွက်ရမယ်
ဒါ....
မိသားစုပဲ။




31.12.08

ထွက်သက်

ဆေးစက်ကျရာ အရုပ်မထင်တာ

အချစ်...

ရင်ဘက်ထဲက နာကျင်မှုကိုဘယ်လို ခံစားချက်နဲ့

အော်ဟစ်ပြရမလဲတေးသားဖွဲ့

သီဆိုလဲမင်းနာမည်တိုင်း ငါ့ရဲ့သီချင်းပဲဖြစ်

ရင်ခွင်တံတိုင်းတစ်ခုလုံးချိုးဖျက်

အနိုင်တွေချည်းသိမ်းယူ

ပြေးထွက်သွားတာတောင်

ငါက........

မင်းကျန်ခဲ့တဲ့ ခြေရာတွ နမ်းလို့နမ်းနဲ့

ကျန်ရစ်ခဲ့တဲ့ ဓာတ်ပုံ ထဲကမင်းပါးလေး

အရောင်တွေ မစွန်းထင်းအောင် လွမ်းလို့လွမ်းနဲ့

ငါ့ကို.........

ငါ့ကို..........

ငါ့ကို..............

နောက်ဆုံး အနမ်းတစ်ချက်

အချစ်တစ်စက်လောက်နဲ့

အသက်ဆက်ခွင့်ပြုပါ.....



8.10.08

အောင်ဘာလေ

အောင်တာဘာလေတဲ့လဲ

ငါ အမျိုးအမည် မခွဲတတ်ဘူး

ကျပ် ၁၀ သိန်း ခေတ်က

အဖိုး ကထိုးတယ်...။

ငါ့ မြေး ရှင်ပြု ဖို့တဲ့...။


သေသာသွားတယ် အဖိုး

ထီမပေါက်ခဲ့ဘူး

ထီးပဲပေါက်ခဲ့

ကျန်ရစ်လွမ်းသူအဖွား..

အဖိုးဆန္ဒ အသက်ဝင်စေဖို့ တိုးလို့ထိုး

လောကကို မျက်ကွယ်ပြု

မပေါက်ခဲ့ပါဘူး။


ရပ်ကွက် အလှူ ဒုံလဘတ်ယူ ရှင်ပြုတော့

အမေ ငို အဖေ နေစရာ မရှိ။

သူများအလှူ မှာမှ သား ဆံချလို့

ဝမ်းသာတာက မပြည့်...။


ဒါတွေက လွမ်းစရာ အတိတ်

ထိထိပပ မရိုက်ခတ်လည်း

ငါလည်း သားရှင်ပြုဖို့ အရေး

ထီဆိုင် ပြေးလို့ ဘ ....အစ .....၀ အဆုံးရွေးပေးဖို့

ကောင်တာက စာရေးမ ကိုပြောနေရတုန်း။

23.9.08

မိန်းမ အကြောင်း စာစီကုံးပါ

နိဒါန်း

..........

ယောက်ျားတစ်ယောက်အား မိန်မတစ်ယောက်က မွေးဖွားခဲ့သဖြင့်

ကမ္ဘာပေါ်ရှိယောက်ျား တိုင်း အမေဟူသော ဣတ္ထိယမိန်းမသားမှလွဲ၍

ကျန်..မိန်းမ များအား လှို့ဝှက်စွာ ကြည့်လို့မရ။

မိန်းမသည် အရက်နှင့် တူသည်။ အရက်တစ်ခွက်ကို သောက်ရင်မူးမယ်

မှန်းသိလို မိန်းမတစ်ယောက်ကို ချစ်မိရင်လည်း ရူးရမယ်မှန်းသိနေလျက်နှင့်

ပုရိသယောက်ျားတိုင်း ခေတ်အဆက်ဆက် ဆက်တိုက်၊ ဆက်တိုက် သောက်

သုံးရင်း ဣတ္ထိယ တို့၏ ကျေးကျွန်များ ဖြစ်ခဲ့ကြသည်။


စာကိုယ်

..............

သိဒ္ဓတ္ထ မင်းသားသည် ယသောဓရာ ကိုစွန့်ပစ်နိုင်ခဲ့ ၍ သစ္စာလေးပါး တရားသိမြင်ခဲ့

သော ဘုရားရှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် လူသားထု ကြီးအတွက် အကျိုးအမြတ် က

ကမ္ဘာမှာ ကိုးကွယ်စရာ ဘာသာတရားတစ်ခုပေါ်ထွက်ခဲ့လေသည်။

အာဒံသည် ဧ၀၏ နားပူးနားဆာ ဒဏ်ကို မခံနိုင်ခဲ့သောကြောင့် လူသားတိုင်း မှာ ကမ္ဘာ

ဦးမှစလို့ ယနေ့တိုင် အပြစ်တော်များကို ခံစားနေရသည်။

၁၉ ရာစု ပုံပြင်သစ်အရဆိုလျင် အက်ဒွက် ဘုရင် (ဝေလမင်းသား)ပင်လျင် မုဆိုးမတစ်ဦး

ကြောင့် နေမ၀င်ဗြိတိသျှ အင်ပါယာ ၏ ဘုရင့် ထီးနန်းကိုစွန့်ခဲ့ရသည်အထိပင် ဖြစ်ခဲ့ရသည်။

နှောင်းဒဏ္ဏာရီသမိုင်းများတွင်လည်း မိန်းမကြောင့် ပျက်စီးကျသော တိုင်းပြည်များ မှာ များပြား

ခဲ့သည်ကိုတွေရသည်။ ဥပမာ အားဖြင့် အီဂျစ်ပြည်က ကယ်လီယိုပန်ထရာ ဘုရင်မကြောင့်

ပျက်ခဲ့ရသည် နပိုလီယံ မင်းမြတ်။ ဆင်ဖြူမရှင်ကြောင့် ပျက်စီးခဲ့ရသည့် ကုန်းဘောင် မင်းဆက် ။ မိန်းမကြောင့် ပျက်စီးခဲ့ရသော TROY မြို့။ စသည့် မကုန်မခန်းနိုင်သော ဣတ္ထိယ

အပေါင်း ၏ ဇာတ်ကြောင်းများ က တိုင်းပြည် အသီးသီး ၊ နိုင်ငံအသွယ်သွယ်ရှိ ပါးစပ်ရာဇာဝင်

၊ သမိုင်းအထောက်အထားနှင့် ပုံပြင်အသီးသီးတို့ဖြင့်ပြည်နှက်လို့နေသည်ကိုတွေ့ရှိနေရဆဲ

ဖြစ်သည်။

သို့သော် ကမ္ဘာပေါ်ရှိ ပုရိသ အပေါင်း လူမိုက်သောင်းတို့ကဖြင့် ဣတ္ထိယ ဟုသော

ပင်လယ်ပြင်၌ ပျော်မွေ့စွာလက်ပစ်ကူးလျက် ယနေ့တိုင် ရေနစ်နေကြဆဲဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မိန်းမ မယူခဲ့ဘူးသည့် လယ်တီဆရာတော် ဘုရားကြီးကပင်

“မိန်မဟူသည် မရှိမကောင်း ရှိမကောင်း ”ဟု မိန့်မူဘူးခဲ့သည်။ သို့သော် ပုရိသအပေါင်းက

ဖြင့် ဆရာတော်ကြီးမိန့်မူခဲ့တော်မူသော် မရှိမကောင်း နှင့် ရှိမကောင်း နှစ်မျိုးထဲမှ ရှိမကောင်း

ဆိုသည့် စကားအားမေ့လျော့ကာ မရှိမကောင်းဆို သော စကားကိုလက်ဝယ်ပြုလျက် မိမိတို့

အတွက် ဆိုးကျိုးဖန်တီးပေစွမ်းမည့် ဣတ္ထိယ မိန်းမသားအပေါင်းတို့အား မှီဝဲရင်း နောင်တ

များစွာလက်ဝယ်ပိုက်၍ သေဆုံးကုန်ကြလေ၏။ အချို့သော သူများဆိုလျင် နောင်တရရန်ပင်

အချိန်မရလိုက်ကြပေ ။

ထိုသူများမှာ ဥပမာ အားဖြင့်


မြန်မာနိုင်ငံတွင်မူ မင်းနန္ဒာ


သိုးဆောင်းပြည်တွင်မူ ရိုမီယို


တရုတ်ပြည်တွင်မူ လျံစမ်းပေါ် စသဖြင့် အတိုင်းအတိုင်းအပြည်ပြည်ရှိ ပုရိသယောက်ျား အချစ်


သူရဲကောင်းအဖို့က မိန်းမအတွက် နောင်တပင်မရလိုက်ပဲ သေဆုံးခဲ့၏ ။


နိဂုံး

.......

ထို့ကြောင့်မိန်းမဟူသည်ကို( ယခုမိန်းမများအကြောင်းစာစီကုံးနေသူ ပင်လျင် ၎င်း၏ နှလုံးသားအား မိန်းမ ဟူသော ဆူးများအား တစ်ချောင်းပြီး တစ်ချောင်း ထိုးသွင်းခံရင်း

နှလုံးသား ဆူးနှစ်ဒဏ်ရာ ဗလပွရရှိလျက်) ငယ်စဉ်က ရေးထားသော ကဗျာတစ်ပုဒ်နှင့်

နိဂုံးချူပ်လိုက်ပါသည်။


မိန်းမ

........

ယောက်ျားက… နွား

မိန်းမက…… ကြိမ်တံ

ချစ်ခြင်း တစ်စုံက နာဖားကြိုးထိုးဖို့ပြင်တဲ့အခါ

လှည်းကျိုး ထမ်းဖို့ ယောက်ျားက အသင့်ပဲ။



မှတ်ချက်( နှလုံးသားမှာ စူးနှစ်ဝင်နေသော နောက်ဆုံးဆူးတစ်ချောင်းကို ဆွဲထုတ်ပြီး

နှောင်း လူ ပုရိသ တို့အတွက် ဣတ္ထိယ မိန်းမသားများ၏ အမုန်းများကိုခံယူကာ ယခု

စာအားရေးခဲ့ခြင်းဖြစ်သည်။ဆင်ခြင်ကြကုန်လော့…။)



12.9.08

ကောင်းကင်ကို နှင့် စကားပြောခြင်း

မှတ်မှတ်ရရ ဘလော့ကာ ကောင်းကင်ကို ကို စသတိထားမိတာ ပြီခဲ့တဲ့ နှစ် အောက်တိုဘာ

လလောက်ကပါ။ သူရဲ့ ကဗျာတွေကို ဖတ်ရင်းဖတ်ရင်းက နေ သူရဲ့ ကဗျာဝိညာဉ်တွေက

ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ ကဗျာသွေးသားတွေကို တလှပ်လှပ်ဖြစ်အောင် စွဲဆောင်နေတာ

ခံစားသိရှိလိုက်ရပါတယ်။ ဒါနဲ့သူကဗျာလေးတွေကို ကျွန်တော်အမြဲဖတ်ရှုကြည့်မိရာမှ

သူ့ရဲ့ ဘလော့ရေးဖြစ်ပုံအကြောင်းနဲ့ သူရဲ့ စိတ်တစ်ဒေသကို အခုလို မေးမြန်းကြည်မိ

ခဲ့ပါတယ်။


me: ပထမဦး စွာ ကောင်း ကင်ကို ဘလော့ စရေးဖြစ်ပုံလေး ပြောပြပေးပါဦး.။


kaungkinko: စရေးဖြစ်တာကတော့ စက်တင်ဘာ ၂၁ လောက်မှာ

ရွှေဝါရောင်တော်လှန်ရေး အရှိန်မြင့်နေစဉ်ကာလပေါ့

အဲဒီ့မှာ


me: အရင်တုန်းက ဘာဖြစ်လို့ မရေးဖြစ်ခဲ့တာလည်း..ဗျ..။


kaungkinko: အရင်တုန်းက မြန်မာစာ ကောင်းကောင်းမရိုက်တတ်ဘူး


me: အင်းဆက်ပါဦး


kaungkinko: အဲဒီ့မှာကဗျာရေးဖို့ အတွက် ရိုက်ပေးတဲ့လူ မရှိတာကြောင့် ဇော်ဂျီဖော့ထ်ကို စမ်းရင်းနဲ့ 

google မှာ ရှာရင်းနဲ့ ကိုမောင်လှ ဘလော့ ရဲ မြန်မာ ဘလော့လုပ်နည်းကို တွေ့ ပြီး ဆက်စမ်းဖြစ်တာ

အစကတော့ ကဗျာပဲရေးမလို့ ပဲ။ ဘလော့လုပ်ဖို့ စိတ်ကူးမရှိဘူး။ မြန်မာ ဘလော့တွေ အများကြီးရှိမှန်းလည်းမသိသေးဘူး


me: ဟုတ်ကဲ့ဗျ..။


kaungkinko: အဲဒီ့မှာ ကဗျာကို အွန်လိုင်း မဂ္ဂဇင်းဂျာနယ်တွေဆိုပို့ ရင်ကြာတယ်။ အကန့် အသတ်ရှိတယ်။ ကိုယ့်ဘလော့ နဲ့ ဆိုရင် အကန့် အသတ်တွေမရှိတော့ဘူး။ နောက်ပြီး အဲဒီ့အချိန်ကသွေးကြွနေတဲ့ကာလလေ

တော်လှန်ရေးအတွက် အားတက်နေတဲ့ကာလပေါ့ပစ်လည်းမပစ်သေးဘူး။

စမ်းတာတော့ လေးရက်လောက်ကြာသွားတယ်။ မြန်မာစာကောင်းကောင်းပေါ်အောင်လုပ်တာ။


me: ဟုတ်..

ဒါဆိုရင် အဲဒီအချိန်တုန်းက သွေးကြွနေတယ်ဆိုတော့ ရန်ကုန်မှာပဲ ရှိသေးတယ်ဆိုတဲ့သဘောလားဗျ..။


kaungkinko: မဟုတ်ဘူး။ ထိုင်းကိုရောက်တာ သုံးလလောက်ရှိပြီ အားလည်း အားနေတဲ့ကာလ။


me: စရေးတော့ ကိုမောင်လှ ဘလော့ကပဲ..သင်ယူတာလား အခြားသူတွေဆီကရော သင်ယူဖြစ်သေးလား ဘလော့နဲ့ပါတ်သက်ပြီးတော့ပေါ့..နော်.။။


kaungkinko: စေတန်ဂေါ့ စုစည်းထားတဲ့စာအုပ်လည်းဖတ်တယ်။အကုန်စုရေးထားတဲ့စာအုပ်


me: သြော်ဟုတ်ကဲ့ခင်ဗျ..။ ဒါနဲ့ ကောင်းကင်ကိုရဲ့ ဘလော့က အချိန်တိုအတွင်း ပို့စ်များများ ရေးနိုင်ခဲ့တာရော..ဘယ်လို့အကြောင်းတွေကြောင့်လည်းဗျ..။နောက်အောင်လည်းအောင်မြင်လာတယ်လို့

ကျွန်တော်မြင်မိတယ်လေ..။


kaungkinko: ကျွန်တော် အဲဒီ့အချိန်က နေ့ တိုင်း update လုပ်နိုင်အောင်ကြိုးစားပါတယ်။ ရေးအားလည်း ပိုကောင်းတယ်။ အခုတော့ အဲလောက် မလုပ်နိုင်တော့ဘူး


me: ဟုတ်ကဲ့ ကျွန်တော်အမြင်ကိုကောင်းကင်ကိုဘလော့က ကဗျာအသားပေးဘလော့များ

ဖြစ်နေသလားလို့.။


kaungkinko: ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲလို ရည်ရွယ်ပါတယ်။ အနုပညာကိုပဲ ဦးစားပေးပြီးလုပ်ဖို့ ။ လွတ်လပ်တဲ့ အနုပညာတွေ ဖန်တီးဖို့ ပေါ့ဗျာ။


me: ဟုတ်ကဲ့ခံယူချက်ကတော့ကောင်းပါတယ်ခင်ဗျ..။ ပြီးတော့ ခင်ဗျားကဗျာတွေက တော်ကလေးကိုဆွဲဆောင်မှုရှိတာကိုတွေ့ရပါတယ်။ ဒါနဲ့ကျွန်ဆိုတဲ့ကဗျာ V.O.A မှာ ဘယ်လိုပါလာလည်းဆိုတာ ပြောပြပါဦးဗျ..။ ပါလာပုံလေးပေါ့..။

kaungkinko: အဲဒါက ကိုကျော်အောင်လွင်ကို ကဗျာသုံးချင်တယ်ဆိုပြီး အီးမေးလ်ပို့ တယ်လေ။ ဖုန်းနံပါတ်တောင်းတယ်။ ဘယ်ကဗျာသုံးချင်သလဲ ဆိုတာတော့မသိသေးဘူး။ နောက်ဖုန်းဆက်တယ်။ သုံးတယ်ပေါ့ဗျာ။ ဒါပါပဲ။


me: ဟုတ်..ဒီကဗျာလေးက အတော်ကလေး ဆွဲဆောင်မှုရှိပါတယ်။ ကောင်းလည်းကောင်းပါတယ်။ အဲဒီ့ ကဗျာလေး ရေးဖြစ်သွားပုံလေးကရော..ခင်ဗျ..။


kaungkinko: ကျွန်တော် ထိုင်းမှာ ရှိတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို

စာသင်ပေးရတဲ့ကျောင်းမှာ အင်္ဂလိပ်စာ သွားသင်ဖြစ်တယ်ဗျာ။

အဲဒီ့မှာ သူတို့ တွေရဲ့ ဘဝတွေကို ပိုသိလာရတယ်။ အဲဒါနဲ့ ရေးဖြစ်သွားတာပါ သူတို့ ရဲ့ ဘဝက တော်တော်ဆိုးပါတယ်နောက်ပြီးဗျာ။ အမျိုးထဲက တချို့ နိုင်ငံခြားသွားပြီး ဒုက္ခရောက်ပြီးပြန်လာတာ ကြုံဘူးတယ်လေ။ မြန်မာပွဲစားတွေ မကောင်းတာလည်း ကြုံဘူးတာကိုးဗျ။


me: ဟုတ်ကဲ့ခင်ဗျ..။ ကိုယ်ကိုယ်တိုင်ဘလော့ဂါ ဖြစ်လာတော့ ဒီဘလော့ကာ အသိုက်အ၀န်းကို ဘယ်လိုမြင်မိသလဲခင်ဗျ..ခင်ဗျားရဲ့ အမြင်ကလေးပေါ့..။


kaungkinko: အားလုံးခြုံကြည့်ရင်တော့ အားရပါတယ်။ ကောင်းပါတယ်။ ရေးသူတွေ ဖတ်ရှုအားပေးသူတွေ စည်စည်ကားကားရှိတယ်လို့ မြင်ပါတယ်။

အယူအဆကတော့ မျိုးစုံပေါ့ဗျာ တချို့ က နည်းပညာ ပညာပေးဖို့ 


me: ဟုတ်ကဲ့ခင်ဗျ..။


kaungkinko: အဓိကကတော့ဗျာ။ မြန်မာ ဘလော့လောကကြီး စည်ပင်လာအောင် နည်းပညာတွေဖြန့် ဝေခဲ့တဲ့ ညီလင်းဆက်တို့ ၊ ကိုမောင်လှတို့ ၊စေတန်ဂေါ့တို့ ကိုကျေးဇူးတင်သင့်ပါတယ်။ ဘလော့လောက စည်ကားလာခြင်းအတွက် ကိုရန်အောင်လည်းပါတာပေါ့။ကျန်တဲ့သူတွေလည်းရှိသေးပါတယ်။ ကျွန်တော်ကျစ်ခဲ့ရင် ကျန်ခဲ့မယ်


me: ဟုတ်ကဲ့ခင်ဗျ..။ကိုကောင်းကင်ကို ဘလော့မှာ နိုင်ငံရေး အင်း နိုင်ငံရေးဆိုတာထက် အမျိုးသားရေးဆိုပိုမှန်မယ်ထင်တယ်အဲဒါလေးတွေ အသားပေးရေးဖြစ်တာများတယ်နော်..။


kaungkinko: အင်း။ ဟုတ်ပါတယ်။ လူတိုင်း ကိုယ်စိတ်ဝင်စားဘက်ရာကိုယ် ယိမ်းကြတာပေါ့ဗျာ။ တကယ်ကတော့ နိုင်ငံရေးရေးသည်ဖြစ်စေ၊ အနုပညာရေးသည်ဖြစ်စေ၊ နည်းပညာရေးသည်ဖြစ်စေ ၊ကောင်းပါတယ်ဗျာ။ ကိုယ့်အလုပ်ကိုယ်လေးလေးစားစားလုပ်ဖို့ ကအရေးကြီးပါတယ် ။ နိုင်ငံရေးရေးမှမဟုတ်ပါဘူးဝါသနာပါတာနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ရှုထောင့်ကနေ ပါဝင်သင့်ပါတယ်။

နည်းပညာတော်လှန်ရေး၊ အနုပညာတော်လှန်ရေး၊ နိုင်ငံရေးအရ တော်လှန်ရေး အားလုံးဖြစ်မြောက်အောင်မြင်စေချင်ပါတယ်ဗျာ။ တစ်ခုနဲ့ တစ်ခုက ဆက်စပ်နေပါတယ်။


me: ဟုတ်ကဲ့ ခင်ဗျာ..ရှေ့ဆက်ပြီး ကောင်းကင်ကိုအနေနဲ့ ကောင်းကင်ကိုရဲ့ ဘလော့မှာ ဘယ်လိုဘယ်လိုပုံစံမျိုးလေးတွေနဲ့ ဆက်ပြီးဆောင်ရွက်လုပ်ဆောင်သွားဖို့အစီအစဉ်များရှိပါသေးလား။ ဘလော့အတွက် အစီအစဉ်သစ်ကလေးတွေပေါ့..။


kaungkinko: ထူးထူးခြားခြားတော့မရှိပါဘူး။ အနုပညာကဏ္ဍကို ပို ဦးစားပေးဖို့ တော့စိတ်ကူးရှိပါတယ်။


me: ဟုတ်ကဲ့ခင်ဗျာ..။


kaungkinko: ဒါပေမယ့် ကျန်တာတွေလည်း စိတ်ကူးပေါ်ရင် ပေါ်သလို လုပ်သွားမှာပါ။


me: အခုနောက်ဆုံး အနေနဲ့ ဟုတ်ကဲ့။ ဘလော့ကာ ညီအကိုမောင်နှမတွေကိုဘာများပြောချင်ပါသေးသလဲ။


kaungkinko: သြော။ ဘလော့လောကကြီး စည်စည်ကားကား ပြေပြေလည်လည် တစ်ယောက်နဲ့ တစ်ယောက် သင့်သင့်မြတ်မြတ်နဲ့ အဆင်ပြေပါစေလို့ ပဲ ဆုတောင်းပေးချင်ပါတယ်ဗျာ။


me: ကျေးဇူးပဲ.ဗျာ.ကျွန်တော့်ဘလော့မှာ ဘလောကာ အင်တာဗျူးဆိုပြီးအစီအစဉ်တစ်ခုထည့်မလို့ဗျ..။ အခု ဒီကဗျာဆရာကတော့ ပထမဆုံးပေါ့ဗျာ..။ ကျွန်တော်တို့ အတွင်းက လူတွေလည်း ပိုစ်တင်ရတာ သိပ်အဆင်မပြေဘူးဖြစ်နေတယ်ဗျ..။ အခုလိုစိတ်ရှည်လက်ရှည်ဖြေကြားပေးလို့လည်း ကျေးဇူးတင်ပါတယ်ဗျာ.။

kaungkinko: ဟုတ်ကဲ့ ကျွန်တော်လည်း ပြောခွင့်ရလို့ ကျေးဇူးဗျာ


11.9.08

မုဆိုး

...တစ် နေရာယူ
နှစ် အဆင်သင့် သုံး ကျည်ဆံထည့်
လေး မောင်းချိန် ငါး ပစ်နိုင်ပြီ ....
စိမ်..။

ငယ်ငယ်ကလိုပေါ့ ဘ၀ဟာ ပုံသေနည်းကျကျနဲ့
မထုဆစ်ထား ပါဘူး။
နေရာမယူခင် စပြီး ပစ် ရတဲ့ တိုက်ပွဲတွေ ရှိနိုင်သလို
ကိုယ်က မောင်းချိန်ပြီးမှ တရစပ် အပစ်ခံရတဲ့
ကိစ္စတွေလည်း ရှိနိုင်တယ်..။
သေချာတာက........။
ကိုယ်ပစ်မဲ့ ပစ်မှတ်ကိုထိဖို့
ကိုယ့်ကျည်ဆံ ဟာ ဖြောင့်သင့်တဲ့ အချိန်ဖြောင့်လို့
ကောက်သင့်တဲ့ အချိန်မှာ ကောက်ကွေ့ရမယ်...။
လူသားမုဆိုးရဲ့
အဓိက က ပစ်မှတ်ကိုထိဖို့ပဲလေ..။