Pages

21.1.07

အစိမ်း

အိုင်ယာလန်အစိမ်းကို
ငါချစ်တယ် ရှေးမာစ်ဟေနီလည်း…ချစ်ခဲ့တာပဲ။
ရှားဝု သစ်တောထဲက
ရောဘင်ဟု ကိုလည်း
ငါချစ်တယ်။
ငါ့မျက်လုံးတွေဟာ
အစိမ်းကို
ဆာလောင်မွတ်သိပ်ခဲ့ဖူးတယ်။
ငါ့မျက်လုံးတွေထဲမှာ
အိုအေစစ်တစ်ခု
ရှိနေဖို့တော့လိုအပ်တယ်။
အစိမ်းကိုငတ်ခဲ့တဲ့
ငါ့မျက်လုံးများ
နံရံဖြူဖြူတွေနဲ့ရန်ဖြစ်
အဲဒီကစပြီး
နှင်းဆိုရင်တူးတူးခါးခါးမုန်း
ဒါပေမယ့်
ကားလ်ဆင်ဘတ်နှင်းကိုတော့
ငါချစ်နေသေးတယ်။
ပါရီညရဲ့
ကဖေးဆိုင်တွေထဲမှာ
နှင်းထုထဲက
ချမ်းနေတဲ့ဓာတ်တိုင်တွေအောက်မှာ
ပေါင်မုန့်နဲ့ဘ၀ကို
ပစ္စည်းချင်းဖလှယ်နေရတဲ့
မိန်းမသားတွေရဲ့နှုတ်ခမ်း
ကြည့်စမ်း
အစိမ်း……အစိမ်း……..
ထူပိန်းပိန်း အစိမ်းတွေကို
ငါစာနာလို့ မဆုံးဘူး
အချစ်ရယ်
ရိုးမ စိမ်းစိမ်း
ပျဉ်းမနားအစိမ်းတွေထဲမှာ
ခုဆိုရင်
စူဠသုဘဒ္ဒါ
မုန်းတဲ့
ပန်းတွေဝေနေပြီပေါ့…။…။

မောင်သင်းခိုင်ရတနာသစ်မဂ္ဂဇင်း၊ ၁၉၉၃၊ဒီဇင်ဘာ...

6.1.07



...နောက်ဆုံးလက်ကျန်တစ်စက်....

အနာဂတ်တစ်ခုမှာ...
ကျွန်တော့်အကြောင်းမှတ်တမ်းတစ်ပုဒ်များ
ရေးခြစ်မိမယ်ဆိုရင်....။

ဖြတ်နင်းခဲ့တဲ့လည်ပင်းတွေထက်
အိမ်ဆောက်လုပ်ပေးခဲ့တဲ့လက်တွေ အကြောင်းပါပါစေ။
တစ်လျှောက်လုံးလောင်းသွင်းခဲ့တဲ့ အရက်တွေထက်...
ငါစိုက်ခဲ့တဲ့ သစ်ပင်တွေအကြောင်းပါပါစေ။
လက်ထဲမှာပွင့်ချပ်တွေဆုပ်ပြဲသွားတဲ့ ဖူးငုံပွင့်ပန်းတွေထက်
ငါစိုက် ခဲ့တဲ့ သစ်ပင်တွေရင့်မှည့်နေပုံအကြောင်းပါပါစေ။
သားသမီးဝတ်အင် ငါးဖြာကို အရွယ်လွန်ချိန်အထိ အလွတ်မရသေးတာထက်....
အဖေ့ခြေထောက်ကို တစ်ခါနင်းနိုပ်ပေးခဲ့ဖူးတာပါပါစေ..။
မှာ ညလုံးပေါက် သီဆိုစားသုံးခဲ့တာထက်
ဘုရားအရိပ်အောက်မှာ ၀တ်ပြုခဲ့ဖူးတဲ့ အကြိမ်အရေအတွက်တို့ပါပါစေ။
ဟစ်တလာ၊ မူဆိုလီနင်၊ ၀ံပုလွေ လာဆင်၊ နတ်ရှင်နောင် တို့ရဲ့တစ်စိတ်တစ်ဒေသတွေကို အားကျဖူးတာတွေထက်
လင်ကွန်း၊ မာသာထရီဇာ၊ပေါ်လီယာနာ၊ မာတင်လူသာကင်း တို့အကြောင်းအိပ်မက်မက်ခဲ့ဖူးတာပါပါစေ။

နိဂုံးပိုင်းမှာ...နောင်တ..ဆိုတဲ့ စာသားလေးဆွဲထားတဲ့ငါ့ဓာတ်ပုံ ရယ်။
မီးရှို့ခံခဲ့ရတဲ့ ငါ့ယူနီဖောင်းရယ်။.....နောက် ဒီကဗျာကိုရေးလို့အပြီးမှာ ငါ့ကိုယ် ငါသတ်သေသွားကြောင်းပါပါစေ။

အငွေ့