ရင်ဘတ်ထဲက အငွေ့များ

ဘ၀မှာ အမှားခပ်များများကလွဲလို့ဘာမှ မပိုင်ခဲ့တဲ့ကောင်ပါ

24.2.08
Posted by အငွေ့

တိမ်မျှားထွက်တဲ့ နေ့
.............................


အလွယ်တကူပဲ အဆုံးသတ်သွားခဲ့ပေမယ့်

ငါက လေညှင်းနဲ့အတူ

အသက်ရှုသံတွေလို ချစ်ခဲ့တယ်

ငါရဲ့ ခန္ဓာကိုယ်က အောက်စီဂျင်လိုအပ်နေသလိုမျိုး

သူ့ရဲ့ချစ်ခြင်းမေတ္တာကတဆင့်

ငါ့ နှလုံးသားရဲ့ အသက်ဓာတ်ကို ငါရှိုက်သွင်းတယ်။



အဲသည့်နေ့တွေမတိုင်ခင် ကတည်းကပေါ့

လေထုထဲမှာ ကာဗွန်တွေသိပ်များ လာလိမ့်မယ်လို့ဆိုကြတယ်

ကြည်နူးဖွယ်ရာ တောအုပ်အစိမ်းတွေကို ခုတ်လှဲပြီးတဲ့နောက်မှာ

ချေဖျက်ရခက်ခဲတဲ့ အိတ်ပါးတွေလို အမုန်းတရားတွေကို

ငါထုတ်လုပ်ခဲ့တယ် . . .



သည်အချိန်မှာ ငါတစ်ခုခုကိုမျှော်လင့်တယ်ဆိုရင်

ငါ့မျှော်လင့်ချက်ဟာ အမှောင်ခေတ်မပါတဲ့ ကမ္ဘာသစ်ပဲ

ငါတို့ဟာ အမှန်တရားအတွက်ဆိုပြီး အဆိပ်ခွက်ကြီးကို မော့သောက်ရတာမျိုး

ငါတို့ဟာ တခြားသောသူတွေမှန်ရဖို့ ကိုယ့်ကို မီးရွှို့သတ်တာခံရတာမျိုးတွေ မပါတဲ့

ကမ္ဘာသစ်ပေါ့ . . .

အတ္တသိပ်သည်းဆ ကြီးမားခဲ့တယ် . .

မေရီအင်တွိုင်းနက်လို ငါဟာ

ပေါင်မုန့်နဲ့တူတဲ့ အကြင်နာအနည်းငယ်ကိုတောင်မှ

ဝေငှတုံ့ပြန်ဖို့ရာ တွန့်ဆုတ်နေမိသတဲ့။



အချစ်တဲ့ လေ . . .

နိုးဝေ